ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားပြိုင်ပွဲများတွင် အောင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့ကြသော အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှနည်းပြများအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၂၇

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုအားကစားသမားများအား အားကစားနည်းအလိုက် အောင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့သော နည်းပြများအား ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆန်နှင့် အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ အားကစားသမားကောင်း တစ်ယောက်ပေါ်ထွက်လာရေးနှင့် ပြိုင်ပွဲများတွင် အောင်မြင်မှုရှိစေရန် အကြောင်းပြချက်များစွာရှိသော်လည်း သင်ကြားပြသပေးသည့် နည်းပြများက အဓိကနေရာတွင် ဦးဆောင်ပါဝင်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတတ်စွမ်းသမျှ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသော အားကစားဆပ်ကော်မတီအသီးသီးက နည်းပြများကို မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေရေး ယခုလို ဂုဏ်ပြုပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင်ပြည်နယ်အတွင်းရှိ လူငယ်အားကစားသမားများ အတွက် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ပေးခြင်းအား ဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေမည်ဖြစ်သည့်အပြင် နိုင်ငံနှင့် ပြည်နယ်အတွက် အားထားရသည့် လူငယ်များစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြော ကြားသည်။

ထို့နောက် စားသောက်ကုန်များကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေး ရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ အားကစားနည်း(၂၁)နည်းမှ ဆပ်ကော်မတီ နည်းပြများအား ဆန်နှင့် ဆီ၊ ကြက်ဥနှင့် ခရမ်းချဉ်းသီးများကို လည်းကောင်း၊ မြန်မာ့လက်ရွေးစင် ပဏာမအဖြစ် ရွေးချယ်ခံရသော အမျိုးသမီးဖူဆယ်အားကစားသမား(၃)ဦးအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အသီးသီးပေးအပ်ချီးမြှင့်ကြရာ အားကစားကော်မတီများကိုယ်စား ဖူဆယ်ဘောလုံးနည်းပြတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပထမတံခွန်စိုက်ရရှိမှု ရွှေ(၁၂)ခု၊ ဒုတိယအဆင့် ငွေ(၇)ခုနှင့် တတိယအဆင့် ကြေး(၁၂)ခု ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အနေဖြင့် အဆင့်(၃)နေရာတွင် ရပ်တည်နိုင်ခဲ့သည့်အပြင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်လည်း ကချင်ပြည်နယ်အနေဖြင့် ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ် (၁၁)ခုနှင့် ကြေးတံဆိပ် (၂၁)ခုရရှိခဲ့ကာ တစ်နိုင်ငံလုံးတွင် အဆင့် (၅)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)