အောင်မြေသာစံမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်လှစ်

မန္တလေး ဇန်နဝါရီ  ၂၇

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိ အေးသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ညွန်ကြားရေးမှူးများ၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြိုနယ်ပညာရေးမှူးများ၊ သင်တန်းသား ဆရာ/ဆရာမများ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများအား “မနီနှင့်သစ်တော” ဗီဒီယို ဇာတ်လမ်းတို ပြသသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ/ဆရာမများ စုစုပေါင်း သင်တန်းသား  (၁၉၀) ဦးတို့အား ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဇန်နဝါရီလ  ၃၁ ရက်နေ့အထိ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ (၁၆) ဌာနက သက်ဆိုင်ရာဌာနများအလိုက် ဘာသာရပ်များကို အသီးသီးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)