မိတ္ထီလာ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ဆိုလာစွမ်းအင်အသုံးပြု ရေထောက်ပံ့ရေးစီးမံကိန်းမြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သည့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း(Quick Impace Projects-QIP) အရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့် ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု ရေထောက်ပံ့ရေးစီမံကိန်း မြေအောက်ရေ (အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းအား မိတ္ထီလာမြို့နယ် ဆူးရစ်တန်း ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သည့် Stone Co;ltd မှ ငွေကျပ် ၅၂.၂သန်းဖြင့် အကျယ် ၄လက်မ အနက် ပေ ၅၀၀ ရှိ ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၂၅၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ 7.6KW Solar System တပ်ဆင်ခြင်းလုပ်ငန်းအား ၂၀၂၄ခုနှစ် မေလ ၁၇ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တစ်နာရီလျှင် ဂါလံ ၂၀၀၀ ထွက်ရှိသည့် PH Level 7.3 ရှိ သောက်သုံးနိုင်သော ရေရရှိခဲ့ကြောင်း မြို့နယ်အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးထံမှ သိရသည်။
အဆိုပါ ဆူးရစ်တန်းကျေးရွာသည် မိတ္ထီလာမြို့နှင့် ၃၅ မိုင်အကွာ အိမ်ထောင်စု ၁၁၆ စု လူဦးရေ ၅၆၀ ဦးရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းတွင် တည်ရှိသဖြင့် မိုးရွာသွန်းမှုအပေါ် အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသော်လည်း ကျေးရွာတွင် သောက်သုံးရေအတွက် ရေချိုရရှိနိုင် သည့် အဝီစိတွင်းများ မရှိ၍ ကျေးရွာရှိ ရွာသူရွာသားများနှင့် ၎င်းတို့ မွေးမြူထားသော တိရစ္ဆာန်များမှာ ကျေးရွာအနီးရှိ ရေကန်ငယ် (၂)ကန်ကိုသာ အသုံးပြုနေကြရသည်။ အဆိုပါ ရေကန်ငယ် (၂)ကန်မှ နွေရာသီတွင် ရေများခမ်းခြောက်လာ၍ သောက်သုံးရေအတွက် နှစ်စဉ် မြို့နယ်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာ များထံ တင်ပြ အကူအညီတောင်းခံနေရသည့် ကျေးရွာဖြစ်သည့်အတွက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် မြန်ဆန်စွာ အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်း(Quick Impace Projects-QIP)အရ ဆိုလာစွမ်းအင်အသုံးပြု ရေထောက်ပံ့ရေး စီးမံကိန်း မြေအောက်ရေ( အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)