ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေးပေး

ကျောက်ဆည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် အခြေခံသမဝါယမအသင်းသားတောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမကဏ္ဍအနေဖြင့် ၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ပျိုးရေးအတွက် သမဝါယမအသင်း(၄)သင်း၊ နွေစပါးစိုက်ဧက (၄၁၈) ဧကအတွက် ထုတ်ချေးငွေကျပ် (၈၃.၆) သန်း ထုတ်ချေးပေးခဲ့ပြီး ကာလစေ့သည့်အချိန်တွင် အရင်း၊အတိုး ငွေများ အပြည့်အဝပြန်လည်ပေးဆပ်နိုင်ခဲ့၍ ဝါစိုက်ပျိုးရေးစီမံကိန်းအတွက် သမဝါယမအသင်း (၂) သင်း၊ ဝါစိုက်ဧက (၁၁၃၀) ဧကအား ငွေကျပ် (၂၂၆) သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် ကျီးအိပ်၊ ရွာတော်ကျေးရွာ သမဝါယမအသင်း (၂) သင်း၊ အသင်းသား (၇၅) ဦးအား နေကြာစိုက်ဧက (၂၄၀) အတွက် ရန်ပုံငွေကျပ် (၄၈) သန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျီးအိပ်ကျေးရွာနှင့် ရွာတော်အခြေခံသမဝါယမအသင်းဥက္ကဋ္ဌတို့ထံသို့ ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ပြီး နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ကျီးအိပ်ကျေးရွာ အခြေခံသမဝါယမအသင်းသားတောင်သူ (၄၀) ဦးမှ မြေဧက (၁၂၀)၊ ရွာတော်ကျေးရွာမှ အခြေခံသမဝါယမအသင်းသား(၃၅)ဦးမှ မြေဧက (၁၂၀) စုစုပေါင်း မြေဧက (၂၄၀) ဧကတွင် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်တိုးသည့်  ရေဆင်းစပ်မျိုး (၁) နေကြာမျိုးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် နေကြာစိုက်ပျိုးခြင်းဖြင့် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သည့် စားသုံးဆီများ စားသုံးနိုင်သည့်အပြင် ဒေသတွင်ဆီဖူလုံမှုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)