ကျောက်ဆည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများကို ယနေ့နေ့လယ်ပိုင်းက တံစိုး (အ.မ.က) နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် KG ကျောင်းသား/ ကျောင်းသူတစ်ဦး၏ တစ်နေ့တာအတွက် လိုအပ်သည့် အသား ဓာတ် (၄၀) ရာခိုင်နှုန်း၊ (၈) ဂရမ်ပြည့်ဝစေရေး ထမင်း၊ ကုလားပဲနှပ်၊ အစိမ်းကြော်၊ ကြက်ဥပြုတ် စသည့်တို့အား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် KG ကျောင်းသား/ ကျောင်းသူများရှိသည့် အခြေခံပညာမူလတန်းကျောင်း (၁၃၀) ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အထက်တန်းကျောင်း (၉) ကျောင်း ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)