မိုးနဲမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေး

မိုးနဲ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အချင်အတွယ်မှန်ကန်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာဌာနများက စုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမျိုးခိုင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းစိုးနှင့် သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူများ အဆင်သင့်ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများအား အသိပညာပေးဆွေးနွေးခြင်းနှင့် ပြည်သူများစက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ်မှန်ကန်စွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စံနှုန်းတိုင်းအချိန်အတွယ်များဖြင့် တိုင်းတာခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)