မိုးနဲမြို့နယ်၌ (၄၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုးနဲ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးစာပြန်ပွဲတော်နှင့် ဘွဲ့ရအရှင်သူမြတ်နှစ်ပါးအား ဂုဏ်ပြုပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေး‌နွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်၊ စာမေးစာဖြေသံဃာတော်များနှင့် ဘွဲ့ရအရှင်သူမြတ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွက်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော်နှင့် စာမေးပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ကင်တုံဆရာတော်တို့ထံမှ ဩဝါဒခံယူခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်ဂေါပကဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားတင်ပြခဲ့ကြသည်။

ထို့နောက် သာသနပါလကျောင်းတိုက်ဆရာ‌တော်က ဆွမ်း/ကွမ်းကပ်လူနိုင်ရေးနှင့်စပ်လျဉ်း၍ မိန်ကြားခဲ့ပြီး မြို့နယ်ဩဝါဒါစရိယ တုမ်မို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင် ဆရာတော်က နိဂုံးချုပ်ဩဝါဒမြွက်ကြာခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစီရံသိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)