နမ့်စန်(တ) ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကဏ္ဍစုံမှ ပါဝင်ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသူများကို မြို့နယ်လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဟိန်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြန်မာ့သိုင်းဗန်တိုအတိုက်ပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဖလား ရရှိခဲ့သော အ.ထ.က(နမ့်စန်)အသင်းအား ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့သိုင်း (၆၃) မောင်း အလှပြပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက်ဖလားရရှိခဲ့သော အ.ထ.က(နမ့်စန်) အသင်းအား မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းက ဆုဖလားပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာ့သိုင်းဗန်တိုအတိုက် ကျား/မ (၂၀-၂၅ ၊၂၅-၃၀ ၊ ၃၀-၃၅ ၊ ၃၅-၄၀ ၊ ၄၀-၄၅ ၊ ၄၅ -၅၀ ၊၅၀-၅၅) ကီလိုတန်း ကျား/မ၊ Over ကျား ပြိုင်ပွဲနှင့် မြန်မာ့သိုင်း (၆၃)မောင်း အလှပြ ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ နှင့် တတိယ ဆုရရှိသူများ၊ ဗန်တိုအတိုက် အကောင်းဆုံး အမျိုးသားကစားသမားနှင့် အမျိုးသမီးကစားသမားဆု ရရှိသူများကို မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဟိန်းနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ တွင်စတင်ကျင်းပခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉) ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
သူရအောင်(နမ့်စန်)