နေပြည်တော် ဇန်နဝါရီ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသမည့် နေပြည်တော်ကိုယ်စားပြု ဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်ပြသထားမှုကို ကြည့်ရှုအားပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ထုတ်ကုန်များအလိုက် ထုတ်လုပ်မှုအခြေအနေများ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်အသီးသီးမှ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန် အမျိုးအစား ၈၃ မျိုး၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့်ထုတ်ကုန် အမျိုးအစား ၂၇ မျိုး၊ စိုက်ပျိုးရေးနှင့် မွေးမြုရေးအခြေခံထုတ်ကုန် အမျိုးအစား ၄၃ မျိုး၊ ပြည်ပပို့ကုန်အမျိုးအစား ၁၀ မျိုးနှင့် One Region One Product (OROP) ထုတ်ကုန်ပစ္စည်းအမျိုးအစား ၉၁ မျိုးတို့ကို ပါဝင်ယှဉ်ပြိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည့် ကွင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပြခန်းများဆောင်ရွက်နေမှုနှင့် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)