မိုင်းပျဉ်းမြို့တွင် ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ လာရောက်‌ဖျော်ဖြေကပြတင်ဆက်

မိုင်းပျဉ်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မအားကစားကွင်းအတွင်း၌ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေခြင်းကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဥ်းမြို့နယ်ရှိ တပ်နယ်မိသားစုများ၊ ဒေသခံ‌ပြည်သူများ စိတ်အပန်းဖြေ‌ ပျော်ရွှင်မှုရစေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး၊ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ ဗိုလ်ကြီးသန်းကျော် ဦးဆောင်သော အနုပညာရှင် စစ်သည်စစ်သမီးလေးများက ယဉ်ကျေးမှုအကအလှများ၊ တေးသီးချင်းများ၊ ဟာသပဒေသာများနှင့် မျက်လှည့်လက်လှည့်တင်ဆက်မှုများဖြင့် ဖျော်ဖြေပေးကြရာ တပ်နယ်မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပွဲတော်လာဧည့်ပရိသတ်အပေါင်းတို့က ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ နယ်လှည့်ပြဇာတ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို (၂၄-၁-၂၀၂၅) ရက်နေ့မှ (၂၆-၁-၂၀၂၅)ရက်နေ့အထိ (၃)ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ  ကပြတင်ဆက်သွားမည်ဖြစ်ရာ မြို့မအားကစားကွင်းအကွင်း ပွဲကြည့်/ပွဲလာဧည့်ပရိသတ်များ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)