တာလေ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို နားယောင်းကျေးရွာအုပ်စု၊ ဗေတလကျေးရွာရှိ ဗိုလ်လုံဦးကျာရှောအောက်မေ့ဖွယ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ တင်ကိုကိုမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လိုက်ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလတ်ဒေသ(သို့) တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရာတွင် လိုက်နာရမည့်အချက်များ၊ ဝက်များပြောင်းရွေ့သယ်ဆောင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဝက်မျိုးရွေးချယ်နည်း၊ ဝက်မွေးမြူထိန်းသိမ်းစောင့်ရှောက်နည်းအဆင့်ဆင့်နှင့် ကူးစက်ရောဂါဖြစ်ပွားလာပါက နီးစပ်ရာမွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနသို့ ချိတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးမှ ကြက်မွေးမြူးရေးနှင့်ပတ်သတ်သည့် သိကောင်းစရာများကို ပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်သည့် ကျေးလတ်နေပြည်သူများနှင့် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးဖြေကြားခဲ့သည်။ ၎င်းအသိပညာပေးဟောပြောပွဲသို့ ကျေးလက်နေပြည်သူစုစုပေါင်း(၁၂၁)ဦး တက်ရောက်ခဲ့ပြီး မေတ္တာလက်ဆောင်အဖြစ် ခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါဟောပြောပွဲကို နားယောင်းကျေးရွာအုပ်စု၊ နားအွန်းကျေးရွာနှင့် ဝမ်ဆာကျေးရွာများသို့ သွားရောက်ကျင်းပခဲ့ပြီး ကျေးရွာများ၌ ဝက်များကူးစက်ရောဂါဖြစ်ပွားပြီး သေဆုံးမှုမရှိကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
မိုးလရောင်(ပြန်/ဆက်)