ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၂၆

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ရာပြည့်ကျောင်းတည်ထောင်သူ ဦးဇေယျာက ကျေးဇူးတင်စကားပြောကြားပြီး ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘုရင့်နောင်အသင်းနှင့် အနော်ရထာအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ အနော်ရထာအသင်းက ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး  ကျောင်းကောင်စီတာဝန်ရှိသူများက အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းရာသီအားကစားပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူ အမျိုးသား/အမျိုးသမီးမီတာ (၁၀၀)၊ မီတာ(၄၀၀)နှင့် မီတာ(၈၀၀) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမျိုးသားဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုများရရှိသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများနှင့် တတိယဆုရဘောလုံးအသင်း၊ ဒုတိယဆုရဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရဘောလုံးအသင်းအား တစ်ဦးချင်းရွှေတံဆိပ်လည်ဆွဲဆုများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)