နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

​ကျောက်ဆည် ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၉)နာရီက (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ (၁၉)ကြိမ်မြောက် ဘွဲ့နှင့်သဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက သက်ဆိုင်ရာဘွဲ့ အသီးသီးကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့လက်မှတ်များ အပ်နှင်းရန်အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ထောက်ခံချက်ပေးပြီးဖြစ်သော ဘွဲ့များကို မောင်မယ်တို့အား အပ်နှင်းပြီးသောအခါ နေ့စဉ်နေတိုင်း ပြောဆိုနေထိုင်မှု၌ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ဘွဲ့ရများနှင့်အညီ ဆီလျော်ထိုက်တန်စွာ ပြောဆိုနေထိုင်ကြရန်၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုတို့ကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားရန်  ဂတိပြုစေပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကောင်းစွာပေါက်မြောက် အောင်မြင်ခဲ့သော မဟာအင်ဂျင်နီယာဘွဲ့ရ(၂၁)ဦး၊ အင်ဂျင်နီယာဘွဲ့ရ (၁၃၅)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၂၂)ဦး၊ သိပ္ပံဘွဲ့ (၄)ဦး စုစုပေါင်းဘွဲ့ရရှိသူ(၁၈၂)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့နောက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ဘွဲ့ဒီဂရီအသီးသီး ဆွတ်ခူးရုံမျှဖြင့် ဘဝပန်းတိုင်ပြီးဆုံးပြီးဟမမှတ်ယူကြဘဲ အင်ဂျင်နီယာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အခြေခံကောင်းများအပေါ် မူတည်၍ လုပ်ငန်းခွင်၌ အသုံးချနိုင်အောင် ဆက်လက်ဆည်းပူးလေ့လာသွားကြရန်၊ ကျေးဇူးသစ္စာစောင့်သိပြီး လောကနီတိတရားများ ကိုယ်ကျင့်တရားများအပေါ် လေးစားကျင့်ကြံနေထိုင်၍ လေးစားထိုက်သည့် တက္ကသိုလ်ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်၊ သိပ္ပံပညာရှင်များဖြစ်အောင် ကြိုးစားသွားရန် စသည့်ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)