နေပြည်တော် ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းမှ ဦးစီးကျင်းပသည့် စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ဥပ္ပါတသန္တိစေတီတော်ရှေ့ ရာဇဌာနီလမ်းမကြီး၌ ကျင်းပသည်။
အဆိုပါ စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဦးကောင်းထက်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများက တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲများကို အမျိုးသား(မီနီမာရသွန်)ပြိုင်ပွဲတွင် ၁၇၈ ဦး၊ အမျိုးသမီး (မီနီမာရသွန်) ပြိုင်ပွဲတွင် ၆၁ ဦး၊ အသက် ၁၅ နှစ်အောက် စက်ဘီးစီးပြိုင်ပွဲတွင် ၇၈ ဦးနှင့် အသက် ၁၅ နှစ်အထက် စက်ဘီးစီးပြိုင်ပွဲတွင် ၃၈ ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၃၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဥပ္ပါတသန္တိစေတီတော်၏ တောင်ဘက်တပေါင်းပွဲကွင်းအတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသား(မီနီမာရသွန်) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ အမျိုးသမီး(မီနီမာရသွန်) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်းကောင်း၊ အသက် ၁၅ နှစ်အောက် စက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း အသက် ၁၅ နှစ်အထက် စက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း၊ ပြိုင်ပွဲတစ်ခုလုံး၏ ဇွဲအကောင်းဆုံး ဆုအားလည်းကောင်း နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးကြခဲ့ပြီး နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းမှ ဦးစီးကျင်းပသည့် စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးမှုဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)