ချင်းတွင်းအသင်း (ရန်ကုန်) (၇၆)နှစ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

မရမ်းကုန်း ဇန်နဝါရီ ၂၆

ချင်းတွင်းအသင်း (ရန်ကုန်)၏ (၇၆)နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော် ပရိဝုဏ်အတွင်းရှိ အနုတ္တရောပုရိသဓမ္မသာရထိ (ချင်းတွင်းအသင်းဓမ္မာရုံ) ၌ ကျင်းပပြုလုပ်ရာ ချင်းတွင်းအသင်း (ရန်ကုန်) ကန်တော့ခံ သက်ကြီးဘိုးဘွားအသင်းဝင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ချင်းတွင်းအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးဇော်လင်းဦးက မုဒိတာစကားပြောကြားသည်။ ယင်းနောက် သက်ကြီးအသင်းဝင်ဘိုးဘွားများကို ဒုတိယဥက္ကဋ္ဌ ဦးအောင်ခင် (အောင်သူရိန်-ပုလဲ)က ကန်တော့ချိုးဖြင့် တိုင်တည်ပေး၍ ကန်တော့ခဲ့ကြပြီး အသက် (၈၀) နှစ်အထက် အသင်းဝင်ဘိုးဘွား ၂၆ ဦးတို့ကို ကန်တော့ငွေများ ပေးအပ်ခဲ့ကာ ဘိုးဘွားများကိုယ်စား အဘိုးဦးမောင်မောင်စိုးတင့် ( သံအမတ်ကြီး - ငြိမ်း )၊ ဦးလှမောင် ( အောင်ချိန်ဘွား) ၊ အဘွားဒေါ်ယဥ်မြင့် တို့က ဆုမွန်ကောင်းစကားများ ပြောကြားခဲ့သည်။ ထို့နောက် အသက် (၁၀၃) နှစ်ရှိ အဘွားဒေါ်သိန်းညွန့်အား အသင်းကိုယ်စား ဦးကျော်ကျော်စိန်က ဂုဏ်ပြုလွှာပေးအပ်ရာ သမီးဖြစ်သူ ဒေါ်ခင်အေးကြွယ်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဥ်အရ သဘာပတိအဖြစ် ဦးလှမိုး (ဗိုလ်မှူးကြီး-ငြိမ်း)က ဆောင်ရွက်ပြီး အတွင်းရေးမှူး ဒေါက်တာခင်အောင်သန်းက ၂၀၂၃ - ၂၀၂၄ အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကိုဖတ်ကြားကာ အတည်ပြုချက်ရယူခဲ့သည်။ ယင်းနောက် (၂၀၂၅-၂၀၂၇) အလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်းတင်သွင်းရာ သဘာပတိကအတည်ပြုပေးခဲ့ကာဥက္ကဋ္ဌအသစ် ဦးဇော်လင်းဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရဲနောင်ချစ်(ပြန်/ဆက်)