ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်၍ မီးဘေးလုံခြုံရေးသတိရှိရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန်တို့အတွက် စစ်ဆေးပညာပေးခြင်းများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက သီရိမင်္ဂလာရပ်ကွက်တာဝန်ရှိသူမျာနှင့်အတူ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှည့်လည်စစ်ဆေးပညာပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းမြင့်က အိမ်ထာင်ဦးစီးများနှင့်တွေ့ဆုံ၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မီးချိတ်/မီးကပ်များ ထားရှိရေး၊ သဲ/ရေ/လှေကားများ အဆင်သင့်ထားရှိရေးနှင့် မီးဖိုမီးသုံးစွဲရာတွင် မြေကျင်းတူး သုံးစွဲကြရန်နှင့် လျှပ်စစ်မီးနှင့်ချက်ပြုတ်ပါကလည်း မီးကြိုးများ၊ မီးခုံများ ကြံ့ခိုင်မှုရှိစေရန်၊ မီးလောင်မှု ဖြစ်ပွားပါကလည်း မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြား အသိပေးကြရန် မီးသတ်ဆေးဘူးများ ထားရှိကြရန်တို့ကို အသိပညာပေး ပြောကြားသည်။
ယင်းနောက် ရပ်ကွက်တာဝန်ရှိသူများက မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ အကြံပြု လမ်းညွှန်သည်များကို အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား၍ မီးသတ်တာဝန်ရှိသူများက မီးဖိုမီးသုံးစွဲနေမှု အခြေအနေ၊ မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မီးလောင်လွယ်ပစ္စည်းများ သိုလှောင်သိမ်းဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြပြီး၊ လိုအပ်သည့် အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး စုစုပေါင်း (၁၈)ဦးနှင့် သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ လိုက်ပါခဲ့ကြကြောင်းနှင့် ရပ်ကွက်အတွင်း အိမ်ခြေ (၂၂၀)ကို တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)