တပ်ကုန်းမြို့၌ (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနပြုဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘဒ္ဒန္တ ပညာသာမိ(နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေအင်းရိပ်သာကျောင်းတိုက်)၊ မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တစန္ဒသီရိ (မြို့ရှေ့စန္ဒာရုံကျောင်းတိုက်)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သောမနနှင့် အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စုစုပေါင်း ပင့်သံဃာ ၁၈ ပါး၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတော်အစိုးရဓမ္မာစရိယ စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ဓမ္မာစရိယ(ကျမ်းပြီး)ဆရာတော် ၅ ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ကြီး/ လတ်/ငယ်/မူ စာအောင်သံဃာ/သီလရှင် ၁၁၀ ပါး၊ စုစုပေါင်း ၁၁၅ ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ၆ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများစုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မြို့နယ်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တစန္ဒသိရီက သာရဏီရ ဩဝါဒကထာမြွတ်ကြားပြီးနောက် ဓမ္မာစရိယ ကျမ်းပြီး ဆရာတော်နှင့် သီလရှင် ၅ ပါးဖြစ်ကြသည့် အရှင်တေဇောဘာသ (ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်)၊ အရှင်ဝိမလ (ကေသရာရာမ ဆုံတည်ပင်ကျောင်း)၊ အရှင်နန္ဒိယ (အောင်စေတီ တပ်ဦးကျောင်း)၊ ဒေါ်ဧစာရီ (ဥတ္တရဇေယျုံ သီလရှင်ကျောင်း)၊ ဒေါ်ဇဝနသိင်္ဂီ (ဥတ္တရဇေယျုံ သီလရှင်ကျောင်း)တို့၏ ထေရုပတ္တိများအား ဖတ်ကြားပူဇော်ခဲ့ပြီး၊ ဘဒ္ဒန္တစန္ဒသီရိ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်၍ သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူပြီး၊  မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဒုဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့​နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒကာ/ဒကာမများမှ ပင့်သံဃာ/ ဆရာတော်ကြီးများနှင့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့​ပြီး လှူဒါန်းမှုအစုစုများအား ဘဒ္ဒန္တပညာသာမိ (နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေအင်းရိပ်သာကျောင်းတိုက်)က ရေစက်ချအမျှပေးဝေခဲ့ပြီး  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)