မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၅)အစည်းအဝေးသို့တက်ရောက်

ချမ်းအေးသာစံ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၅) အစည်းအဝေးကို ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ရေးကို အားပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများကို မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်ငန်းများနှင့် ဆက်စပ် ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး တိုးချဲ့ဆောင်ရွက်သွားရေးတို့ကို ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်တပေါင်းကွင်း၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု MSME ထုတ်ကုန်များအပြင် ဒေသတစ်ခုထွက်ကုန်တစ်ခု အနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကြုံတွေ့နေရသည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသောက်ကုန်ထုတ်ကုန်နမူနာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။   

ထွန်းထွန်းနိုင်(ပြန်/ဆက်)