တပ်ကုန်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ဇန်နဝါရီလ(၂၄)ရက်နေ့နံနက်ပိုင်းက တောင်ပို့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်မြင့်ဦးက ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ တောင်ပို့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်သက်မင်းထွန်း (Grade-11)၊ မသီရိဆွေ (Grade-10)၊ မလမင်းအိမ် (Grade-10)၊ မသီရိထွန်း (Grade-9)၊ မဖူးသီရိခေတ်(Grade-6)၊ မသွန်းရတီဖြိုး (Grade-6)၊ မချစ်ဆုအေး(Grade-10)၊ မခိုင်သဇင်ထွန်း(Grade-6)တို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)