မိုင်းပျဉ်းမြို့တွင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက မိုင်းပျဉ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထံ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် နေအိမ်(၃၉၂)လုံးအတွက် တန်ဖိုးငွေကျပ် ၂၄၆၉၆၀၀၀/−တိတိအား လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပြန်လည်ခွဲဝေပေးအပ်ခဲ့သည်။

အဆိုပါ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)