နမ့်စန်(တ) ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီက နမ့်စန် ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲ များက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ စိုက်ပျိုးရေး၊ မီးဘေးလုံခြုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဝမ်ကုန်းကျောင်းကျေးရွာရှိ ပြည်သူများအတွက် ထုတ်ပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာမြေငှား ဂရန်များကို ပေးအပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နမ့်စန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအေးနှင့် ကျေးရွာ(၁၃)ရွာမှ ကျေးရွာတာဝန်ခံများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)