မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅ နှစ်ဦး ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် နှစ်ဦးဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ရတနာပုံစူပါစင်တာ ၄ လွှာ၊ MRCCI အသင်းရုံး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တာဝန်ရှိသူများ၊ MRCCI အသင်း ဂုဏ်ထူးဆောင်နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊အလုပ်အမှုဆောင်များနှင့် ညီနောင်အသင်းများမှ အသင်းသား၊ အသင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် MRCCI အသင်းသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို ကိုယ်စားပြုသော အမြတ်အစွန်း ရယူခြင်းမရှိသည့် စီးပွားရေးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများကို ရေရှည်ရပ်တည် နိုင်စေရန်နှင့် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်၏ မူဝါဒများကို အလေးထားလိုက်နာပြီး MRCCI အသင်း၏ ရည်မှန်းချက်များ ပြည့်မီအောင်၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စုစည်းညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

၎င်းနောက် MRCCI အသင်းမှ ဂုဏ်ထူးဆောင်နာယကနှင့်ဥက္ကဋ္ဌတို့က အသင်းနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားပြီး အထွေအထွေအတွင်းရေးမှူးက အသင်း၏ ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြ၍ အတည်ပြုချုပ်ရယူခဲ့သည်။

ဆက်လက်၍ MRCCI အသင်း၏ ၂၀၂၅-၂၀၂၇ခုနှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံ ဥက္ကဋ္ဌ ဦးတင်လတ်ထံ အသင်းပိုင်ငွေစာရင်းနှင့် ပုံသေပိုင်ပစ္စည်းစာရင်းများ လွှဲပြောင်းပေးအပ်ခြင်း၊ ၂၀၂၀-၂၀၂၃ ခုနှစ် သက်တမ်းအလုပ် အမှုဆောင်၊ အမှုဆောင်များမှ နှုတ်ထွက်ခြင်းများကို အစီအစဉ်အတိုင်းကျင်းပခဲ့ပြီးနောက် MRCCI အသင်းဥက္ကဋ္ဌ ဦးတင်လတ်က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် နှစ်ဦး ဈေးရောင်းပွဲတော်ကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သရသည်။

ထွန်းထွန်းနိုင်