မြစ်ကြီးနား ဇန်နဝါရီ ၂၆
မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အရှေ့နှင့် အနောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အား ဆက်သွယ်ထားသည့် အပြင် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိကကျသော လမ်းမပေါ်တွင် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)က တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဗလမင်းထင်အမှတ်(၂) တံတားတည်ဆောက်ရေးစီမံကိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)၊ ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတား အထူးအဖွဲ့(၁)၌ အမှတ်(၂) တံတားသစ်စီမံကိန်းလုပ်ငန်များ တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက တံတားဆိုင်ရာအချက်အလက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက တံတားတည်ဆောက်ရေးကာလအတွင်း ရေစီးကြောင်းအခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းတမံများ တည်ဆောက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ဖြည့်စွက်အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ သယ်ယူရရှိမှုနှင့် တံတားတည်ဆောက်ရေးကာလအတွင်း ရေလမ်းကြောင်း ပြောင်းလဲမှု အခြေအနေ များ၊ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြစ်ကြီးနားဘက်ကမ်းမှတစ်ဆင့် အမှတ်(၂)တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရေလယ် တိုင်များတည်ဆောက်နေမှုအခြေအနေများနှင့် စမ်းသပ်စစ်ဆေးတည်ဆောက်လျက်ရှိသည့် လုပ်ငန်း အခြေအနေများ၊ တံတားဟောင်းရေလယ်တိုင်အား ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့သည်။
အဆိုပါ ဗလမင်းထင်အမှတ်(၂)တံတားသစ်သည် အရှည်ပေ (၃၂၁၂ ဒဿမ ၀၉၉)ပေ(၉၇၉) မီတာရှိပြီး ဘိုးပိုင်၊ သံကူကွန်ကရစ်ရေလယ်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံပေါ်တွင် Steel Box Grider နှင့် RCC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၇ ပေကျော်ရှိပြီး (၇၅)တန်ထိ ခံနိုင်ဝန်ရှိသော တံတားတစ်စင်းဖြစ်သည့်အတွက် မြန်မာ-တရုတ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းမှတစ်ဆင့် အန္ဒိယနိုင်ငံအထိ ဆက်သွယ်အသုံးပြုနိုင်ပြီး နိုင်ငံ့အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် တံတားတည်ဆောက်ပြီးစီးပါက တံတားနှစ်စင်းလုံးအား အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရာဒါကောင်း(ဘီ)ရပ်ကွက်အတွင်းရှိ ကနူးကျေးရွာ၌ မြန်မာ အေဂျီသာသနာအသင်းချုပ်(အမှတ်-၂)ရုံး အနုမောဒနာကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အသင်းချုပ်ဥက္ကဋ္ဌနှင့် သိက္ခာတော်ရဆရာတို့က အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အသင်းချုပ်ရုံးဝင်းအတွင်း အနုမောဒနာကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားကို ကျင်းပရာ သိက္ခာတော်ရဆရာများက ဆုတောင်းဆက်ကပ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှုတ် ခွန်းဆက်ဝမ်းမြောက်စကားပြောကြားကာ အသင်းချုပ်အတွက် ငွေကျပ် ၂၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး ဆုတောင်းပွဲအစီအစဉ်ကို အသင်းသူ/အသင်းသားများ၊ ဒေသခံပြည်သူများနှင့် ပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း အရှေ့ဘက်ဧရာဝတီမြစ်ဆိပ်ရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းသို့ သွားရောက်ပြီး အပန်းဖြေစခန်း အတွင်း ရုံးပိတ်ရက်ဖြစ်သည့်အတွက် အများပြည်သူလာရောက် အပန်းဖြေလည်ပတ်လျက်ရှိသည့် အခြေအနေများ၊ ဘာသာရေးအစီအစဉ်များကို အဖွဲ့လိုက် လွတ်လပ်ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အပန်းဖြေစခန်းအတွင်း ထပ်မံဖြည့် စွက်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ဦးသန်းဇော်ပိုင်ခြံသို့ သွားရောက်ပြီး ခြံဝင်းမြေဧရိယာ(၄)ဧကပေါ်၌ ပင်မှည့်သီးပင်များ အသီးများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် နာနတ်သီး ပင်များနှင့် ဂျပန်လိမ္မော်သီးပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ယင်းနောက် အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ ဦးနော်ခမ်း၏ ခြံသို့ဆက်လက်သွားရောက်ကာ ခြံဝင်းမြေဧရိယာ (၁၈)ဧကပေါ်တွင် ဂျပန်လိမ္မော်သီးစိုက်ခင်းများအတွင်း အသီးများဖြင့် ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် အခြေအနေများ၊ ဘုရင်သီးပင်များ တွဲဖက်စိုက်ပျိုးထားရှိမှု၊ လိမ္မော်ပင်များအား ကိုင်းကူးစနစ်ဖြင့် ပျိုးထောင်၍ ရောင်းချစိုက်ပျိုးထားရှိမှု အခြေါအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိမ္မော်သီးများနှင့် ပျိုးပင်များအား ဈေးကွက်တင်ရောင်းချနိုင်မှု အခြေအနေများနှင့် စီးပွားဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်း အောင်မြင်လျက် ရှိသော တောင်သူ ဦးဆင်ဝါးနော်၏ ခြံသို့ သွားရောက်ကာ အသားတိုးဝက်ကောင်ရေ (၉၀) မွေးမြူထားရှိမှုအခြေအနေများနှင့် ကြက်သားပေါက်နှင့် ကြက်ကြီးမွေးမြူခြံအသစ်များ ထပ်မံတိုးချဲ့တည် ဆောက်နေမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ခြံဝင်းအတွင်း ပင်မှည့်သီးပင် (၃၀၀) စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ရောက်ရှိလာသော ပညာရေးဝန်ထမ်းများ၊ အခြေခံပညာဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ ခေတ္တနေထိုင်စဉ်ကာလအတွင်း သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)