မိုးကောင်းမြို့ အ.မ.က(အလယ်ရပ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးကောင်း ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က(အလယ်ရပ်)၏ ၂၀၂၄- ၂ဝ၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ယုယုမင်းက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

စုံညီပွဲတော်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (A)အဆင့်ရ ဘာသာစုံထူးချွန်ဆုရရှိသူများ၊ ပြည်နယ်အဆင့်ဆုရရှိသူများ၊ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများ၊ ကျောင်းလုပ်ငန်း၊ ပန်းချီ၊ ဆေးရောင်ခြယ်နှင့် အားကစားဆုအပါအဝင် ကာယ၊ ဉာဏဆုရရှိသူများကို မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှကမ္ဘာမြေ၊ အဆိုးလေး၊ အချစ်ရဲ့ကိုယ်ရံဝော်၊ နေကာမျက်မှန်၊ ရှင့်ကို၊ ခင်ခင်ထား၊ movie စက်ရုပ်အက၊ ရွှင်လန်းချမ်းမြေ့ပါစေ”တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)