တာမွေ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက “တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေရှိရင်အခုပြုလုပ်သည့်ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းတင်ပြကြဖို့အတွက် ပထမဦးစွာပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့တင်ပြမှသာ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းရှင်းစွာ နေထိုင်ကြဖို့ များစွာလိုအပ်ပါကြောင်း၊ မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်မူးယစ်ဆေးဝါးပပျောက်စေရေးအတွက်လည်း ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဌာန/ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါ ကြောင်း၊ မိမိတို့ရုံးဌာနများသာမက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်း သာယာလှပစေရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာနများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ယခုအခါ မြို့နယ်အတွင်း ရပ်ကွက်များအလိုက် အုပ်စုများသတ်မှတ်၍ လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း သတိပြုလိုက်နာဆောင်ရွက်ကြဖို့ ပြောကြားလို ပါကြောင်း၊ လျှပ်စစ်မီးလုံလောက်စွာမရရှိသဖြင့် မြို့နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများစွာဖြစ်ပေါ်နေပြီး စက်မှုလက်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်ရေးအတွက်လည်း မြို့နယ်အတွင်း စက်သုံးဆီများကို လုံလုံလောက်လောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း လူဦးရေမဲစာရင်းများ မှန်ကန်စေရေးအတွက် ရပ်ကွက်များအတွင်း တစ်အိမ်တစ်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံ ပြည်သူများအတွက် အကျိုးရှိပြီး ထိရောက်မှုရှိတဲ့လုပ်ငန်းများဖြစ်ဖို့ အဓိကထားဆောင်ရွက်ကြရန် အထူးအလေးထား မှာကြားလိုပါကြောင်း”စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်