နမ့်စန်(တ) ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ မျိုးချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေး၊ လူငယ်နှင့်ခေါင်းဆောင်မှု စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ နမ့်စန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအယ်လီဇာက မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခဲ့ပြီး မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ခိုလမ်အ.ထ.ကမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားအင်အား (၃၆၀) ဦးတက်ရောက် ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)