ဇမ္ဗူသီရိ ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီး၊ စည်ပင်ဧည့်ရိပ်သာရှေ့ Star High (Nay Pyi Taw) စက်သုံးဆီ အရောင်းဆိုင်ရှိ ဝန်ထမ်းအင်အား ၃၀ ဦးတို့အား ယမန်နေ့ညနေပိုင်းက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေနော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ် ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက အပေါ့စား မီးသတ် စက်ကလေး၊ မီးသတ်ပိုက်လိပ်၊ မီးသတ်ပိုက်ခေါင်း၊ အမြုပ်ဆေးရည်ပိုက်ခေါင်း၊ မီးချိတ်မီးကပ်နှင့် မီးသတ်ဆေးဘူး အသုံးပြုခြင်းများကို လက်တွေ့ သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)