မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာရှိ အဆင့်မြင့် (စနစ်တကျ)လယ်ယာမြေ(၂၀၀)ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝမြေဩဇာများပေးအပ်ပွဲတက်ရောက်

ချောင်းဆုံ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်ပေးလျက် ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ယနေ့နံနက်(၈)နာရီက မုရစ်ကြီး(က)ကွင်း၊ကွင်းအမှတ် ၇၁၃(က)ကွင်းနှင့် သရောကွင်း ၇၁၅ တို့ရှိ အဆင့်မြင့်လယ်ယာမြေဧက(၂၀၀)အား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝ မြေဩဇာပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန  ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်အတွင်း လယ်ယာမြေအဆင့်မြှင့်တင်ခြင်းအခြေအနေများအားလည်းကောင်း၊ စက်မှု လယ်ယာ ဦးစီးဌာန မော်လမြိုင်ခရိုင် ဦးစီးမှူးက လယ်ယာမြေအဆင့်မြှင့်တင်ခြင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက်မွန်ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ စာရေရိက္ခာနှင့် စားသုံးဆီဖူလုံစေရေးအတွက် သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရန်  ဆောင်ရွက်ပေးလျက်ရှိကြောင်း  တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် (မျိုး၊မြေ၊ရေ၊နည်း)စသည့် အဓိကလိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး တောင်သူများ၏ပြန်လည်ဆွေးနွေးတင်ပြချက်များအပေါ် ကဏ္ဍအလိုက် ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တောင်သူများအား အဆင့်မြင့်လယ်ယာမြေဧက(၂၀၀)အားလွှဲပြောင်း ပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တက်ရောက်လာကြသူများမှ ခင်းကျင်းပြသထားသော လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ချောင်းဆုံမြို့နယ်အတွင်း လယ်ယာမြေ စိုက်ဧကပေါင်း (၆၅၃၀၉)ဧကရှိသည့်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ အဆင့်မြင့်လယ်ယာမြေ (၄၄၄၀) ဧက ဖော်ဆောင်နိုင်ခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နတ်မှော်ကျေးရွာ၊ ကမာကေးကျေးရွာနှင့် ကွမ်ရိုက်ကျေးရွာတို့တွင်လည်း စိုက်ပျိုးမြေဧက (၄၀၀) ကိုလည်း ဆက်လက်အဆင့်မြှင့်တင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)