ပျဉ်းမနား ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်(အနောက်)ကျေးရွာ “ပညာပျိုးခင်း”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “ပညာပျိုးခင်း” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် သနပ္ပင်ဆိပ်ကျေးရွာ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကို အခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိက ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံ အနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ”အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ် (၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးပြီး တန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေ လေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား/ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးထံ လွှဲပြောင်းပေးအပ်ပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ “ပညာဘဏ်”စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ “ပညာဘဏ်” စာကြည့်တိုက်အဆောက်အအုံအသစ်ကို နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးစိုးတင့်(ဧရာဝတီ)နှင့် ကူးတို့ဆိပ်ကျေးရွာ ရပ်မိရပ်ဖ ဦးမိုးဆွေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ စာအုပ်စာစောင်များလှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှု လေ့လာနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက် စုစုပေါင်း (၅၈)တိုက် ဆောက်လုပ်ရန်လျာထားလျက်ရှိရာ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက် စုစုပေါင်း (၂၄) တိုက်ဆောက်လုပ်ပြီးစီးခဲ့သည့်အနက် ၁၁ တိုက်ကို ဖွင့်လှစ်ပြီးစီးခဲ့ပြီးဖြစ်ပြီး ယနေ့ဖွင့်လှစ်ခဲ့သော စာကြည့်တိုက် ၂ တိုက်မှာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရန်ကျန်ရှိသည့် စာကြည့်တိုက်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)