ကျောက်ဆည်မြို့နယ်တွင် ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နွေစပါးနှင့်နွေနှမ်းစိုက်တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က နိုင်ငံတော်မှ ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြင့် (၁) ဧကသီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊  ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားရန်ပုံငွေများ ထူထောင်နိုင်ရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဓာတ်မြေဩဇာများ ရောင်းချပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျေးရွာအုပ်စု (၇) အုပ်စုမှ နွေစပါးနှင့် နွေနှမ်းစိုက်တောင်သူများအား ယူရီယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဓာတ်မြေဩဇာ သယ်ယူဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု (၇) အုပ်စုမှ နွေစပါးနှင့်နွေနှမ်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)