နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဇန်နဝါရီ  ၂၅

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နေ့လယ်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနှင့် ဆင်ဆိပ်ကျေးရွာတို့တွင် ကျွဲ/နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဆင်ဆိပ်ကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာတို့တွင် ကျွဲ/ နွား ခွာနာ/လျှာနာရောဂါကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဝင်းဦးက လယ်ဝေးမြို့နယ်အတွင်း  Food and mouth disease ( FMD) Control Zone ဖြစ်စေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံနေမှုအခြေအနေများအား ရှင်းလင်း ပြောကြားသည်။

လယ်ဝေးမြို့နယ်အတွင်း FMD Control Zone ဖြစ်စေရေးအတွက် ကျွဲနွား ကောင်ရေ ၂၅၀၀၀ အား ခွာနာ/လျှာနာရောဂါကာကွယ်ဆေး ထိုးနှံရန်လျာထားပြီး ဇန်နဝါရီ ၂၀ မှ ၂၉ ရက်နေ့အထိ ထိုးနှံမည်ဖြစ်ရာ ယနေ့အထိ ကျွဲ/ နွား ကောင်ရေ ၈၁၉၇ ထိုးနှံပြီးဖြစ်၍ လျာထားချက်ပြည့်မီရေး ဆက်လက်ထိုးနှံလျှက်ရှိကြောင်း သိရသည်။ နေပြည်တော်အတွင်း ကျွဲ/နွားများ ခွာနာ/ လျှာနာ ကင်းစင်ရေးဇုံအဖြစ် သတ်မှတ်နိုင်ရန် စီမံချက်များနှင့် အမြန်ဆုံးဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူကျောင်းကုန်းကျေးရွာနှင့် ဗောဓိကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် KG ကျောင်းသားကျောင်းသူလေးများအား ကျောင်းတွင်းအာဟာရ(နေ့လယ်စာ)ကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းအတွင်းသန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းဝန်ဖြစ်စေရေး ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းရေး၊ တိုးတက်ရေး၊ ပညာရည်မြင့်မားရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်သို့ သုတရသစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဝေကြည်(ပြန်/ဆက် )