ကျိုင်းတုံ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေး၊ BAR နှင့် KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)မှ ရဲမှူးကြီး သန့်ဇင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ အဖွဲ့ဝင်-၃ ဦးလုကာနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်၊ အမှတ်(၇) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန်းအောင်နှင့် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင်တို့က ဒေသအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ BAR၊ KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း BAR၊ KTV ဆိုင်ပိုင်ရှင်/တာဝန်ခံများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)က ဒေသအတွင်း ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် မှုခင်းဆိုင်ရာကိစ္စရပ်များကို ဖော်ထုတ်အရေးယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှုခင်းလျော့နည်းကျဆင်းရေး၊ BAR၊ KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့် လူကုန်ကူးမှုမရှိစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်၍ အများအကျိုးအတွက် ဆောင်ရွက်စေလိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
အောင်ဇင်မြင့်(ပြန်/ဆက်)