ကျောက်ဆည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈)နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းသူလေးများက “အလှကမ္ဘာမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ သင်ကြားမှု၊ သင်ယူမှုမှတ်တမ်း video clip အား ပြသခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က နိုင်ငံကို အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးဘဝဖွံ့ဖြိုးရန်အတွက် ဒေသတွင်း စက်မှုနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊ စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် ကျွမ်းကျင်သည့်နည်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိသည့် G.T.I ပညာရေးသည် များစွာအရေးပါလျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသည့် ပညာရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုသင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သင်ကြားသင်ယူမှုများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ကောင်းမွန်သည့်အလုပ်ရုံများ၊ စာသင်ခန်းများ၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးသည့် အဓိကကျကြောင်း အမှာစကားပြောကြားခဲ့ကာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ဖြင့် အထူးအောင်မြင်ခဲ့ပြီး နည်းပညာတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရသည့် ကျောင်းသား/ကျောင်းသူများအား အောင်လက်မှတ်နှင့် ဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အစိုးရစက်မှုလက်မှုသိပွံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူနှင့် တာဝန်ရှိသူများက အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု၊ သုတနည်းပညာစသည့် အင်ဂျင်နီယာဘာသာရပ်များဖြင့် နည်းပညာတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရသည့် ကျောင်းသား/ကျောင်းသူများ၊ ဘာသာရပ်အလိုက် ပထမနှစ်၊ ဒုတိယနှစ် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ ဘော်လီဘော၊ ဘောလုံးအားကစားထူးချွန်သူများအား ဂုဏ်ပြုကတ်နှင့် ထူးချွန်ဆုများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)