မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားရန် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မိတ္ထီလာ ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်က ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းထွန်းနိုင်က မိတ္ထီလာမြို့ရှောင်လမ်းကို ထိပ်ဝ အကျယ် ပေ ၄၀  မြေသား တာဘောင် တည်ဆောက်ရန်အတွက် ပေ ၈၀ အကျယ် လမ်းနယ်ရရှိရေးအတွက် တင်ပြဆွေးနွေးခဲ့ပြီး မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ထွန်းတို့က မြို့ရှောင်လမ်းပေါ်ပေါက်လာပါက ဒေသခံပြည်သူများက လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မိမိတို့၏ ယာမြေ တစ်စိတ်တစ်ဒေသ လှူဒါန်းပေးနိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက စည်းရုံဆောင်ရွက်သွားကြရန် တင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်အဖြစ်ပါဝင်မည့် မြင်းကန်၊ ခင်တဲ၊ ကန်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းထားမှုအခြေအနေနှင့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်အား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင် တည်ဆောက်သွားရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းမြို့ရှောင်လမ်း ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့၏ ယာမြေများမှ ဖြတ်သန်းတည်ဆောက်သွားမည်ဖြစ်၍ နိုင်ငံတော်အစိုးရက မြေယာလျော်ကြေးပေးရန် ဆန္ဒရှိသော်လည်း ရာဂီမုန်တိုင်ကြောင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထုပ်ဝန်ပို ဖြစ်နေရပါကြောင်း၊ ဒေသခံပြည်သူများက မြို့ရှောင်လမ်းမကြီး ဖောက်လုပ်နိုင်ရေး မိမိတို့ယာမြေ တစ်စိတ်တစ်ဒေသ လှူဒါန်းပေးစေလိုကြောင်း၊  မြို့ရှောင်လမ်း ဖောက်လုပ်ပြီးစီးပါက ဒေသခံ ပြည်သူများအနေဖြင့်  မိမိတို့၏ လယ်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်၍ ကုန်စည်စီးဆင်းမှု လျင်မြန်လွယ်ကူမည်ဖြစ်ပါကြောင်း၊ ဒါအပြင် ကျန်းမာရေး၊ ပညာရေးနှင် စီးပွားရေးကဏ္ဍများ အဆင်ပြေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက မိမိတို့ကျေးရွာများမှ ဒေသခံပြည်သူများအား နားလည်လက်ခံလာအောင် စည်းရုံဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားမည့် ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါ မြို့ရှောင်လမ်းအဖြစ် တည်ဆောက်မည့် ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေဖြင့် မူလလမ်းအရှည် ၁၀ မိုင် ရှိသည့်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(ရုံးချုပ်)မှ တိုင်းတာပုံ ထုတ်ပေးထားသော ဒီဇိုင်ပုံစံအရ ၈ မိုင် ၃ ဖာလုံ ၇၁ ပေ အရှည်ရှိသော လမ်းအူကြောင်းတစ်ခုဖြစ်ပြီး ထိပ်ဝ ပေ ၄၀ အကျယ် မြေသားတာဘောင်နှင့် ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းအဆင့်အထိ အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)