ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာမူကြမ်းပါ အချက်အလက်များနှင့်စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့အနာဂတ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် နုကျန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်နိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် စာချွန်လွှာ(မူကြမ်း)ကို မိမိတို့နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေး အလေးထားပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နားလည်စာချွန်လွှာ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏အကြုံပြုချက်၊ အထက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအပေါ် ဆွေးနွေးတင်ပြပြီး ကော်မတီအတွင်း‌ရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက စာချွန်လွှာ(မူကြမ်း)ပါ အချက်များနှင့်စပ်လျဉ်း၍ အကြုံပြုချက်များအပေါ် ပြင်ဆင်/ဖြည့်စွက်နိုင်ရေး ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် အကြုံပြုသုံးသပ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စာချွန်လွှာပါအချက်များအပေါ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်/ခရိုင်ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် စနစ်တကျဖြစ်စေရေး၊ ကြီးကြပ်စီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ ဘဝနေထိုင်မှုကို အဆင့်မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ခွင့်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုပေးရာတွင် မိမိတို့မြို့များ သန့်ရှင်းသာယာလှပ၍ အမြင်တင့်တယ်စေရေး စည်းစနစ်တကျဆောင်ရွက်နိုင်ရေး၊ စစ်ဆေးကြီးကြပ်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ကော်မတီမှ စိစစ်ခွင့်ပြုခြင်း၊ ကြပ်မတ်ညွှန်ကြားခြင်းနှင့် အစီအမံများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးစိုးမင်းထိုက်က လုပ်ငန်းအစီအမံများနှင့် လိုက်နာဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်အလိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လုပ်ငန်းများ လျင်မြန်စွာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များအပေါ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြိုင်ပွဲများ ကျင်းပသွားမည့်အစီအစဉ်များ၊ အားကစားနည်းအလိုက် စုဖွဲ့ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စနစ်တကျစုဖွဲ့၍ ကြိုတင်စခန်းသွင်းလေ့ကျင့်နိုင်ရေး လိုအပ်သည်များကို တင်ပြခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး အလေးအနက်ထား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ‌ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ယမန်နေ့ ညနေ (၃)နာရီကလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွက် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် တပေါင်းကွင်းအတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲတွင် ကချင်ပြည်နယ်နေ့အနေဖြင့် ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အဖွဲ့အနေဖြင့် စနစ်တကျစုဖွဲ့ဆောင်ရွက်ပြီး ဒေသထွက်ကုန်ပစ္စည်းများကို အကောင်းဆုံးပြသနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ပြိုင်ပွဲလည်းပါဝင်မည်ဖြစ်သည့်အတွက် ဆုရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်သည့် ကူညီဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များအပေါ် ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြပွဲဝင်ရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီ၊ အတွင်းရေးမှူး ပြည်နယ်စက်မှုလုပ်ငန်းစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေပြည်တော်၊ တပေါင်းကွင်းအတွင်း ပြသနိုင်ရေး၊ ဗဟိုကော်မတီက နေရာချထားပေးမှုအပေါ် ပြည်နယ်အနေဖြင့် ရိုးရာအစားအစာဆိုင်ခန်းနှင့် MSME နှင့် OROP ထုတ်ကုန်ပစ္စည်းများ ပြသယှဉ်ပြိုင်သွားရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ပြပွဲသွားရောက်ပြသနိုင်ရေး၊ ယခင်နှစ်အတွေ့အကြုံများအပေါ် အခြေခံ၍ သုံးသပ်အကြံပြု ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)