ကော့မှူး ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်ကျင်းပသော သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးဒေါက်တာသန်းဌေးက ကိုယ်ဝန်ဆောင်စဉ်သတိပြုရမည့်အချက်များ၊ ရေတိုသားဆက်ခြားနည်းလမ်းများ၊ ရေရှည်သားဆက်ခြားနည်းလမ်းများ၊ ၃ လခံသန္ဓေတားထိုးဆေးများအကြောင်း၊ လက်မောင်းအရေပြားအောက်သန္ဓေတားပစ္စည်းထည့်ခြင်းများ၊ သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအားအာဟာရမျှတစွာစားသုံးနေထိုင်ရေးစသည့် နည်းလမ်းများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တွံတေးခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် မွေးဖွားပြီးစ မိခင်နှင့်ကလေးငယ်များအတွက် အာဟာရနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး မြို့သစ်ရပ်ကွက်မူလတန်းကြိုကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အာဟာရများကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)