တွံတေးမြို့နယ်တွင် ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း အ.ထ.က(ခွဲ)ခရမ်းဝ၌ ကျင်းပ

တွံတေး ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ခရမ်းဝကျေးရွာအုပ်စု၊ ခရမ်းဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခရမ်းဝ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်၊ ခရိုင်အမျိုးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးသက်ဦးကလူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဥာဏ်ပညာ၊ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade- 11 မှ မမိုးပြည့်ပြည့်က လူငယ်နှင့်စမတ်ဖုန်း၊ Grade-11 မှ မဝေဖူးလွင်က လူငယ်နှင့်စာပေ၊ Grade-10 မှ မောင်ကျော်လင်းထက်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-10 မှ မောင်နိုင်ကျော်လင်းက လူငယ်နှင့်တီထွင်ကြံဆမှုခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး .ထ.က(ခွဲ)ခရမ်းဝ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြစပ္ပါယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက ကျောင်းစာကြည့်တိုက်အတွက် သုတစာအုပ် ၅၀ ကို လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြစပ္ပါယ်ကလက်ခံပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့် ပါဝင်ဆွေးနွေးသူများ၊ မေးမြန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၁၀)ဦးတက်ရောက်ခဲ့ကြကာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များအား ပြသထားရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား