ပုသိမ်ကြီး ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောရာတွင် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဥပဒေများအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်နိုင်ရန် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း ဟောပြောခဲ့ပြီး၊ တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ သမဝါယမကောလိပ် (မန္တလေး) ကျောင်းသား/ကျောင်းသူ အဖွဲ့(၃)ဖွဲ့မှ ကျန်းမာရေးနှင့်မူးယစ်ဆေး၊ အပေါင်းအသင်းနှင့် မူးယစ်အန္တရာယ်၊ မူးယစ်ဆေး၏ဆိုးကျိုးများ ခေါင်းစဥ်များဖြင့် စကားဝိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)