ညောင်ရွှေ ဇန်နဝါရီ ၂၄
ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် ပရိတ်သတ်လူပုံအလယ် ပြောဆိုဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေနွေးပွဲကို ယနေ့ နေ့လယ် (၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာမဒေါ်မြဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ရာ Grade-11 ကျောင်းသား မောင်ခန့်စင်ကြယ်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မနွေးနွေးထက်က “လူငယ်နှင့် စည်းကမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်မြတ်မိုးနိုင်က “လူငယ်နှင့် ရွေးချယ်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မမိုးသက်ပြည့်စုံက “လူငယ်နှင့် မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ