ကလော ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်အုပ်စု ၅၄ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကလောခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများ တင်ပြခဲ့သည်။
ဆက်လက်၍ ညောင်ရွှေမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ တင်ပြခဲ့ပြီး အစည်းအဝေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ကလောခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်တို့က လုပ်ငန်းဆောင်ရွက်အဆင်ပြေစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကလောခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဥပဒေ၊ နည်းဥပဒေများအကြောင်းတို့ ရှင်းလင်း၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)