မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

မော်လမြိုင် ဇန်နဝါရီ ၂၄

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်  ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ဝန်ထမ်းမိသားစုများက စုပေါင်းပြင်ဆင်ထုပ်ပိုးဆောင်ရွက်နေကြမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးတို့မှ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၇၆၅၃၂၀ဝိ/-)တန်ဖိုးရှိ ငါးခြောက်ကြော်၊ ဘလချောင်ကြော်၊ ငံပြာရည်ကြော်ဗူး၊ ငါးသေတ္တာဗူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပဲနို့၊ လက်ဖက်၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ ကြက်သွန်နီ၊ အမယ်စုံ၊ မုန့်မျိုးစုံနှင့် အရေးပေါ်ဆေးဝါးများ စသည်တို့အား ဂုဏ်ပြုပေးအပ်လှူဒါန်းခဲ့မှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးကိုကိုအောင်မှ လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းပစ္စည်းများအား အသီးသီးဆက်လက်ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို စာနာမှုစေတနာမေတ္တာအပြည့်ဖြင့် တပျော်တပါး စုပေါင်းပြင်ဆင်ထုပ်ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများကို ရင်းရင်းနှီးနှီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ၊ တပ်မတော်သားများ၏ အောင်မြင်မှု ပြည်သူလူထု၏ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကိုချစ်သည့် ပြည်သူတွေ အများကြီးရှိနေပါကြောင်း၊ တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ၊ တပ်မတော်သားများ စစ်မြေပြင်မှအန္တရာယ် ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ စသည့် ဆုတောင်းမေတ္တာ ပို့သလျက်ရှိကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)