မြစ်ကြီးနား ဇန်နဝါရီ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် လူငယ်ရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ပလန)၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုကဲ့သို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ လူမူရေး၊ ယဉ်ကျေးမှု၊ ဥပဒေနှင့်နည်းပညာဆိုင်ရာ အကြောင်းအရာများကို တစ်နေရာတည်း၌ တွေ့မြင်ကြရမှာဖြစ်ပြီး၊ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းဖြင့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းအရာများ၊ လူမူရေး၊ ကျန်းမာရေး ဆိုင်ရာများ၊ နိုင်ငံတကာဆက်ဆံရေး၊ နည်းပညာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်း အရာများလည်း သိရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ဒေသခံကျောင်းသား/သူများ သိရှိကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်သည့်အတွက် ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲများသာမက ရိုးရာယဉ်ကျေးမှု၊ အနုပညာ အခန်းကဏ္ဍကိုလည်း မလစ်ဟာအောင် ထည့်သွင်းဆောင်ရွက်ပေးထားတာကိုလည်း တွေ့မြင် ကြရမှာဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက “လူငယ်ဘဝတိုးတက်မြင့်မားရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က “စာတတ်သူတိုင်း စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြ သည်။
အဆိုပါဟောပြောပွဲနှင့်အတူ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် ပန်းချီ၊ ကျပန်း၊ ပုံပြင် ပြော၊ စကားပုံဆက်၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက်၊ ဘောလုံးအားကစား ပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရဆုလက်ဆောင်များကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများနှင့် ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ်တန်ဖိုး(၂)သိန်းရှိ သုတရသစာအုပ်စာစောင်များကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)