မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

မက်မန်း ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်တွင် နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်  မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာစကားဝိုင်းများကို လစဉ်ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြက်နိုးစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ် နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်းနှင့် “ကျောင်းသားနှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့် ဥပမာများ၊ သာဓကများ၊ ဆိုရိုးစကားများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

သိန်းသန်း(ပြန်/ဆက်)