ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ ဇန်နဝါရီ ၂၄

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ယာယီနေရပ်စွန့်ခွာသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ထိခိုက်လွယ်အုပ်စုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အခမ်းအနားသည် စစ်တွေမြို့တွင်ရှိသော ယာယီနေရပ်စွန့်ခွာသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ထိခိုက်လွယ်အုပ်စုဖြစ်သည့် အသက် (၇၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၅) နှစ်အောက် ကလေးသူငယ်များအား ချီးမြှင့်ပေးအပ်ပွဲဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် ၂၀၁၄ ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာတွင် အန္တရာယ်ကျရောက်လွယ်သော အုပ်စုများနှင့် လူမှုဘဝပြင်ပရောက်နေသည့် အုပ်စုများအဖြစ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့်သူများမှာ မိဘမဲ့များ၊ အထူးလိုအပ်ချက်ရှိသော အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးပုဂ္ဂိုလ်များကို ညွှန်းဆိုထားကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများဘဝလုံခြုံမှုရှိရေး၊ စားဝတ်နေရေး ကြောင့်ကြမှုမရှိစေရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများ၏ သက်သာချောင်ချိရေး၊ ပင်စင်စားများ အဆင်ပြေချောမွေ့စွာ အချိန်မီငွေထုတ်နိုင်ရေးတို့ကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ယာယီနေရပ်စွန့်ခွာစခန်းများတွင်ရှိသော ကိုယ်ဝန်ဆောင်များနှင့်ကလေးသူငယ်များကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူစဉ် ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုသို့ဆောင်ရွက်ပေးနေခြင်းသည်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကို ပူးပေါင်းဖြည့်ဆည်းပေးနေခြင်းဖြစ်ကြောင်း၊ ယခုချီးမြှင့်ပေးအပ်သည့် အစီအစဉ်သည် နိုင်ငံ တော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ နှစ်စဉ်ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ ချီးမြှင့်ပေးအပ်သည့် အစီအစဉ်တစ်ရပ်ဖြစ်သည့်အတွက်ကြောင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော ဘိုးဘွားသက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအပေါ်တွင် စာနာနားလည်ရင်း နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကာကွယ်စောင့်ရှောက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က ယာယီနေရပ်စွန့်ခွာသူများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅) နှစ်အောက် ကလေးများအား ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅) နှစ် အောက် ကလေးများအား ချီးမြှင့်ငွေများ ပေးအပ်ကြပြီး ဘိုးဘွားရိပ်သာစောင့်ရှောက်မှုအသင်း (စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅) နှစ်အောက် ကလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီရဲထွန်းအောင်သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၁၆၄၃ ဒသမ ၅ တန်တင်ဆောင်၍ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောများမှ ကုန်ပစ္စည်းများအားကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)