မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မုဒုံ  ဇန်နဝါရီ  ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။

ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်၊ ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက်  ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ ကြီးထွားဖွံ့ဖြိုးကျန်းမာရေးနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများ၊ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး မုဒုံမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေး၊ မြို့နယ်သွားဆရာဝန် ဒေါက်တာလမင်းထက်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အာဟာရကျွေးမွေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၉၈)ကျောင်းမှ KG ကျောင်းသား/သူ(၃၁၆၅)ဦးအား ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် တစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)