ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဒေါပုံ ဇန်နဝါရီ ၂၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းကို အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နိုင်နိုင်ဦးက နှုတ်ခွန်းစကားပြောကြားခဲ့သည်။ သင်တန်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်၊ လူနေမှု ဘဝမှန်များ ရောက်ရှိရေး နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှု၊ သင်တန်းနှင့် သုတေသနလုပ်ငန်း၊ ကာယပညာနှင့်အားကစားလုပ်ငန်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ကျောင်းများ ထူထောင်ရေး၊ ခြင်ကျားကင်းစင်ကျောင်းများ ထူထောင်ရေးစီမံချက်များ စသည့်ဘာသာရပ် များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းသို့ ဒေါပုံမြို့နယ်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)