သထုံမြို့နယ်၌ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သထုံ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ အချိန်ကာလနှင့် ဦးတည်အုပ်စု၊ အာဟာရကျွေးမွေးမည့်အကြိမ်အရေအတွက်၊ အာဟာရကျွေးမွေးခြင်းနှင့်အတူ ဆောင်ရွက်ရမည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အန္တရာယ်ကင်းရှင်းရေး လိုက်နာရမည့်အချက်များ စသည့်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက သထုံမြို့နယ်အတွင်း ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည်တို့ကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)