မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်‌ဆေးခြင်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန် ရွှေပေါက်ကံမြို့သစ်၊ (၁၆)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးမိုးဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၆)ရပ်ကွက် အတွင်းနေထိုင်ကြသော ပြည်သူများ အနေဖြင့်မိမိတို့မြို့နယ်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါ၀င်သော စတေကာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို  လိုက်လံကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၆) ရပ်ကွက်အတွင်း အိမ်ထောင်စု ၁၁၃စု ၊ အိမ်ခြေ ၆၀ ခန့်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)