ကျိုင်းတုံမြို့၌ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး စာပေဟောပြောပွဲကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၄

ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး စာပေဟောပြောပွဲကို  ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။

ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသန်းက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း စာပေများကို ဂရုတစိုက်လေ့လာ ကျက်မှတ်ကြရန် လိုပါကြောင်း၊ ကျန်းမားရေးကောင်းမွန်အောင် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ‌တော်က အားထားရသော သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် မိမိဘဝတိုးတက်စေရေးတို့အတွက် အောင်ချက်မြင့်မားရေး အာရုံစူးစိုက်ကြိုးစားကြရန် လိုအပ်ပါကြောင်း ကျောင်းသား၊ ‌ကျောင်းသူများအား တိုက်တွန်းအားပေးစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဦးလှမြင့်(ဆာယာလှမြင့်)၊ အတွင်းရေးမှူး ဦးနေဝင်း (နိုင်နိုင်အောင်ဝေ)၊ အဖွဲ့ဝင် ဦးရန်နိုင်ထွန်း(ရန်နိုင်-သီလဝ)တို့က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက်  ဆရာ၊ ဆရာမများအနေဖြင့် အားသွန် ခွန်စိုက်သင်ကြားပေးရေး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေး၊ လေ့ကျင့်ရေး၊ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အောင်ချက်မြင့်မားရေးဆိုင်ရာ အကြောင်းအရာများနှင့် စာမေးပွဲမှာ ကြိုးကြိုးစားစား ဖြေဆိုကြရန် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့‌နောက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဟောပြောပေးသည့် မြို့နယ်စာရေးဆရာ အသင်းအား ကျောင်းအုပ်ဆရာမကြီးက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)