မြစ်ကြီးနား ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးပထမအဆင့်ရရှိရန် ရည်ရွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်တန်းကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာစွမ်းရည်အလိုက် သင်ကြားသင်ယူမှုအရည်အသွေးများကို မြှင့်တင်ပေးနိုင်ရန် ယနေ့ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူ (၉၀၀၀) ကျော်ရှိပြီး အောက်ချက်ပထမရရှိရေးနှင့် အမှတ်အများဆုံးရရှိစေရန်၊ ဂုဏ်ထူးရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက တက္ကသိုလ်မှ ဘာသာရပ်အလိုက်ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများကဦးဆောင်၍ ပြည်နယ်တစ်ဝှမ်းလုံးရှိ Grade-12 သင် ဆရာ၊ ဆရာမများအားလုံးကို ဆွေးနွေးပို့ချဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးမြှင့်ဆွေးနွေးပွဲအတွက် ဂုဏ်ပြုငွေကျပ် သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တာဝန်ရှိသူများနှင့်အတူ စာသင်ဆောင်များအတွင်း မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိသည့် အခြေအနေများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကော်မတီနှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအဆင့်ရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆို သူဦးရေ (၅၀၀၀) ကျော်ရှိသည့်အနက် အောင်မြင်သူ (၃၄၈၅) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၆၀ ဒဿမ ၆၄) ရာခိုင်နှုန်းရရှိခဲ့သဖြင့် တစ်နိုင်လုံးတွင် ပဉ္စမအဆင့် ရရှိခဲ့ကြောင်းနှင့် ယခုပညာသင်နှစ်တွင် ကချင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေ (၉၀၀၀) ကျော်ရှိပြီး အောင်ချက်မြင့်မားရေးအတွက် ယနေ့ဆွေးနွေးပွဲကို ပြည်နယ်အတွင်းရှိ Grade-12 သင် ဆရာ၊ ဆရာမ (၁၁၁၁) ဦး တက်ရောက်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State-RSC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ကချင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် Kachin State-RSC ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ကောင်စီအဖွဲ့ဝင်များ၏ ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုအခြေအနေများနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ တစ်ပြေးညီ ဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများ စနစ်တကျမှတ်တမ်းတင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ စီမံခန့်ခွဲရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တိုးတက်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ တစ်ပြေးညီဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ တစ်ပြေးညီဖြစ်စေရေးအတွက် သက်ဆိုင်ရာလမ်းအလိုက် ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ဗဟိုမှညွှန်ပြသည့် လိုအပ်ချက်များကို မှတ်သားလိုက်နာပြုပြင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)